Latest Publications

မိုးခေါ်တေး

အိုင်ထဲကဖားခုန်

ရေထဲက “ပလုံ” သံကြား

မိုးရွာတော့မလား ။  ။

အထီးကျန်ခြင်း

ခြောက်သွေ့ သော ကွင်း ပြင်

ရိုး    တံ      ကျဲ    လေ  သော     သစ်   ပင်

ဂီ တ မဲ့ လွင် ပြင်…။

{လေတံခွန်}

ရေးပေးပါ(tag)

၁။ကိုယ့်ကို ဒီလိုခေါ်ကြတယ် – လေတံခွန် (အွန်လိုင်းတွင်)

၂။အ၀တ်အစားပေါ် ကိုယ့်သတ်မှတ်ချက်က – အဆင်ပြေရင်ဝတ်ပါတယ်….။ Hip-Hop Style ၀တ်ရတာကိုပိုကြိုက်တယ်……။ အပေါက်အပြဲတွေ ၀တ်တာကိုတော့ လုံးဝမနှစ်သက်ဘူး…..။

၃။ အကြိုက်ဆုံး စားစရာနဲ့ သောက်စရာ – ကြိုက်တာကတော့ အားလုံးနီးပါးပဲ…။ မပြောမဖြစ်ပြောရမယ်ဆိုရင် ခေါက်ဆွဲ ကြိုက်တယ်…။ ဘယ်လိုခေါက်ဆွဲဖြစ်ဖြစ်…။ သောက်စရာကတော့ ပါဝါ (အထူးသဖြင့် Max poewr)

၎။အကြိုက်ဆုံး ပစ္စည်း ( ကွန်ပျူတာနဲ့ အင်တာနက် မပါရ)- စာအုပ် ၊ ဦးထုပ် ၊ နာရီ ၊ ဖိနပ်…. စသဖြင့်ပေါ့……။

၅။လိုချင်တဲ့ လက်ဆောင် – လိုချင်တာကတော့အချိန်နဲ့အမျှ ပြောင်းလဲနေတတ်တယ်ဗျ….။ ခုချိန်မှာ အလိုချင်ဆုံးဆိုရင်တော့ ရန်ကုန်ကို ကျောင်းပြောင်းခွင့်ပဲ…..။

၆။အကြိုက်ဆုံး ဇာတ်ကား- ကလေးကာတွန်းတွေ….. တိရိစ္ဆာန်ကာတွန်းတွေ…… သိပ္ပံကားတွေ………. ငယ်ငယ်ထဲက ခုချိန်ထိ ကြည့်ချင်နေတဲ့ ရုပ်ရှင်ကတော့ ပါဝါရိန်းဂျားပဲ…။

၇။အကြိုက်ဆုံး ဟာသဇာတ်ကောင်- အဲ့လို အစွဲမျိုးတွေကျမရှိဘူးဗျ…။ ဟာသဇာတ်ကောင်ဆိုတာက ဘယ်လိုမျိုးကိုဆိုလိုတာလဲ….။ ရယ်စရာတွေလုပ်တတ်တဲ့ လူမျိုးဆိုရင်တော့ ကိုယ့်ကိုယ်ကို အကြိုက်ဆုံးလို့တောင်ပြောရမလား…. မသိဘူး……..

၈။ အကြိုက်ဆုံးစာရေးဆရာ – ဖေမြင့် ၊ သော်တာဆွေ ၊ အွန်လိုင်းပေါ်ကဆိုရင် မအိပ်မက်ငယ် နဲ့ ကိုသူရဿဝါ

၉။ အခိုက်ဆုံးစာအုပ် – နတ်နေကိုင်း

၁၀။အချစ်ဆုံးသူရှိရင် – ဘယ်သူ့ကိုမှမချစ်ဘူးဆိုရင်တော့ မှားသွားမယ်….။ အဓိက ကတော့ ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ထင်တာပဲ…..။ နောက်ပြီး လူတိုင်းကို ချစ်တတ်ပါတယ်ဗျာ….။

၁၁။ ရင်အခုန်ဆုံးအချိန်- လှေကားအမြင့်ကြီးတက်ပြီးတဲ့အချိန် (မောလို့ ဟီးဟီး)

၁၂။ဘ၀ဆိုတာ- ဆေးခါးတစ်ခွက်လိုပဲ….။

၁၃။ စိတ်တိုရင် ဘာလုပ် – မျက်မှောင်ကျုံ့တယ်……။

၁၄။ အကြိုက်ဆုံးသီချင်း- ခုရက်ပိုင်းတော့ Marry Time (Mc Zay ye, Mc Yam Yam , Mc Bay gyi) ဘာလို့ ကြိုက်လဲမမေးနဲ့နော်….။ ကြိုက်ချင်လို့ကြိုက်တာ….။

၁၅။ဝါသနာ- စာရေးစာဖတ် ဘလော့မှာ ဟိုဒီကလိ…. ပြီးတော့ ဂိမ်းကစားတာ……။

၁၆။ မီးခွက်စောင့်ဘီလူးနဲ့ တွေ့ရင် တောင်းမယ့်ဆု – ရန်ကုန်ကို အမြန်ဆုံးကျောင်းပြောင်းရပါစေ….။

၁၇။ လက်ဆွဲဆောင်ပုဒ်- ပျော်ပျော်နေသေခဲ ကျီစားသန်ကရန်များ၏……။ (တကယ်ပြောချင်တာက ဘယ်လောက်ပဲ ကြီးမားတဲ့ရာဝတ္ထု ဖြစ်နေပါစေ အသေးငယ်ဆုံးအရာတွေက စပြီးဖြစ်တယ်…….။ )

၁၈။ အိပ်ရေးပျက်ရတဲ့ အကြောင်းအရင်းက – ဂိမ်းကစားလို့ အင်တာနက်သုံးနေလို့ တစ်ခါတစ်ခါတော့ လဲ တစ်စုံတစ်ယောက်ကိုလွမ်းနေလို့

၁၉။ချစ်သူကို ဆိုပြချင်တဲ့ သီချင်း – ကိုယ့်ချစ်သူ(The Lats)

၂၀။ ပြောပြချင်တဲ့ ဟာသတိုလေး – ဟာသတိုက ရုတ်တရတ်ဆိုတော့ စဉ်းစားလို့မရဘူး……။

ကဲ ရေးလို့တော့ပြီးပြီ….။ တာဝန်ကို ဆက်လက်ထမ်းဆောင်ရန် တာဝန်ကျသူများမှာ (၁) ကိုသူရဿဝါ (၂) ကိုတေလေ (၃) မအိပ်မက်ငယ် (၄) ကိုဇာဏီ        (၅) မမြလေးသျှင် တို့ပဲဖြစ်ပါတယ်…။ ဤသို့ တာဝန် လွှဲပြောင်းပေးခြင်းအားသဘောတူပါက လက်ခုပ်တီးပါ…။ ( ဖြောင်း….. ဖြောင်း….. ဖြောင်း….. ဖြောင်း….. )

မိုးပြိုပြန်ပေါ့ မသီတာ

ကမ္ဘာလုံးတစ်ခုစာပေါ့ မသီတာ………..

မနေ့ကဖြစ်ပြီး ဒီနေ့ကျပြတ်တယ်

ခြေသည်း လက်သည်းက အစိမ်း

ကျွန်တော့်အပေါ်လဲ မျက်စိမှိတ်ထားရက်တယ်နော်……….။

လျှောက်လွဲချက်တွေက အထပ်ထပ်ပေါ့ မသီတာရေ…….

သိသိသာသာ ကြီးကို ဥပေက္ခာပြုရက်လေတော့လဲ ဝေးကြရဦးမယ်ထင်ပါရဲ့……..

ငါ့ရဲ့နွေခရိုင်တွေ ခြေယိုင်ကုန်ပြီပေါ့………………။

ငါကလဲ ကြောက်တတ် ရှေ့ဆက်ဖို့ခက်ပြန်ပေါ့ မသီတာရေ………..

တားဆီးထားတဲ့အကာအရံ ဖြတ်ဖို့

ငါ့လမ်းမမှန်ပြန်တော့ နီးစပ်ခြင်းက လက်းတစ်ကမ်းအလိုက ပဲ လှည့်ပြန်သွားရဲ့…..

ငါ့ခြေလှမ်းတွေ ယိမ်းယိုင် စိတ်တွေလဲ လက်မှိုင်ချခဲ့ရပေါ့………..။

တိမ်ပြာတွေပြိုတော့ ငါမိုးမိပြန်ပေါ့ မသီတာရေ……….

တကယ်က ငါ့ဘာသာမိုးစို ထီးရိပ်ကိုမခိုလိုတော့

ဝိုးတိုးဝါးတားအရိပ်တွေက ငါ့စိတ်ကိုခြောက်လှန့်ပြန်ရဲ့…..

ခါးသက်သက်ကော်ဖီခွက်တွေက နင့်ကို သတိရပြန်စေပေါ့………..။

သတိရခြင်းကပဲ အစပြုလို့ပေါ့ မသီတာရေ…………

ချစ်ခြင်းတွေက ပိုမိုခိုင်မြဲ မမြင်ကွယ်ရာသောအတိတ်ထဲကိုပဲ သွားမိပြန်ပေါ့…..

အဲ့သည့်မှာပဲ ပျော်မွေ့

အဲ့သည့်မှာပဲ ပျော်၍

အဲ့သည်မှာပဲ ငါနေခဲ့ပြီ မသီတာရေ……………..။

{လေတံခွန်}

မသီတာသို့ ပြောလိုသည်မှာ

တစ်ခုတော့ပြောချင်သေးတယ် မသီတာ………..
အချစ်တစ်ခုကို ဖန်တီးဖို့ ရိုးသားတဲ့နှလုံးသားတစ်ခုကို ကျွန်တော် အရင်းပြုခဲ့ရတယ်ဆိုတာကိုပေါ့…..။ ဒါတွေက နားလည်ရတာခက်ရင်လဲ ခက်ပါလိမ့်မယ်…..။ အပေါ်ယံ အတုအယောင်တွေမဟုတ်ပဲ ရင်ဘက်ထဲက သံစဉ်တွေကြွေကျလာတဲ့ အခါ အချစ်ဆိုတာက တကယ်တမ်းလေးနက်သွားခဲ့တယ်….။ ပေါ့ပေါ့ပါးပါးလေးခံစားရင်း မသိမသာနက်နဲလာခဲ့တာပါ….။ အချစ်ဆိုတာက သိမ်မွေ့လွန်းပါတယ်…။ နူးညံ့မှုဆိုတာ ကိုင်တွယ်ထိတွေ့ခွင့်ရှိပေမယ့် အချစ်တစ်ခုရဲ့ သိမ်မွေ့မှုဟာ အကောင်အထည်ရယ်လို့ မရှိခဲ့ပါဘူး….။ တကယ်ကိုပဲ ကျွန်တော်ပြောသမျှဟာ နားလည်ရခက်ခဲလွန်းပါတယ်….. မသီတာ……။ အဆင်ပြေသလောက်ပဲ လေးလေးနက်နက်လေးခံစားကြည့်ပေါ့…………..။

——————————————————

တစ်ခုတော့ပြောချင်သေးတယ် မသီတာ…………
ယောကျာ်းတစ်ယောက်ရဲ့မာနဆိုတာက ပျောက်ပျက်လွယ်ရအောင်  ခဲတစ်လုံးရေထဲကျသွားတဲ့အခါ ပေါ်ပေါက်လာတဲ့ရေပွက်တစ်ခုမှမဟုတ်တာပဲမသီတာရယ်…..။ ဟိုးငယ်ငယ်ထဲက တယုတယ ပြုစုခဲ့တဲ့ အတ္တ တစ်ခုပဲလေ….။ လူတစ်ယောက်ကို တစ်ယောက်ကမဲ့ပြတဲ့အခါ မဲ့ခံရတဲ့တစ်ယောက်က မဲ့နေလို့တော့ ဘယ်ဇာတ်လမ်းဆုံးလိမ့်မလဲ…။ ဒါကြောင့်ပဲ ရိုးရိုးသားသားနဲ့ ကျွန်တော် မသိကျိုးကျွံပြုခဲ့တာပေါ့……။ ဒါပေမယ့် မသီတာရယ်…..  ကျွန်တော့်မှာလဲ ယောကျာ်းမာန ဆိုတဲ့ မွေးရာပါ ဖြူစင်သော သူတစ်ပါးကို မထိခိုက်စေတဲ့ အတ္တအလွှာပါးလေးက ရှိနေပြန်တော့ လှောင်ရယ်သံတွေကို သိပ်မခံချင်ဘူးဗျာ….။ ဒါကပဲ ကျွန်တော့်ကို ကာကွယ်ထားတဲ့ ရင်တွင်းဖြစ် ဖြူစင်မှုတစ်ခုပေါ့…..။ ကျွန်တော်ရိုးသားစွာ နှလုံးသားနဲ့ ချစ်သလို ပြန်ချစ်ပါစေလို့တော့မျှော်လင့်တာပေါ့……။ စိတ်ထဲကတော့ သိတယ်…..။ အဲ့သည့်အိပ်မက်တွေကို မြေမြုပ်ပစ်သင့်ပြီးဆိုတာကိုပေါ့……..။

——————————————————

တစ်ခုတော့ပြောချင်သေးတယ် မသီတာ………
ဥပေက္ခာပြုခံရတာလား ပစ်ပယ်ခံရတာလား မသေချာပေမယ့် တစ်စုံတစ်ခုသော ဝေဒနာက ရင်ထဲကို လေးနက်စွာ ထိပါးလာခဲ့တယ်………။ ကျွန်တော်ရိုးသားခဲ့ပါရက် ကျွန်တော့်အပေါ်ကို မရိုးမသားတော့မပြုကြပါနဲ့ဗျာ…..။ အချစ်ကို ယုံကြည်ကိုးစားတတ်တဲ့ လူတစ်ယောက်မဟုတ်ပေမယ့် မသီတာရယ်…… ကျွန်တော့်ဘ၀ကို အချစ်ဆိုတဲ့အရာနဲ့ ထုံမွှန်းထားတာပေါ့……။ တခမ်းတနားအချစ်ဆိုသောအားများနဲ့ တည်ဆောက်ခဲ့တာပေါ့….။ ကျွန်တော့်ရဲ့ အချစ်မှာ မျှော်လင့်ချက်တွေ ရပ်တည်တယ်….။ အချစ်တစ်ခု ကိုချိုးဖျက်ခံလိုက်ရတဲ့အခါတိုင်း  မျှော်လင့်ချက်တစ်ခုစီ ကျိုးပဲ့သွားတတ်တယ်ဆိုတာကိုတော့ သတိပြုစေချင်သေးတယ်……. ချစ်ရပါသော မသီတာရယ်….။ အလေးအနက်ထားပါလို့ တော့မပြောလိုပါဘူး တစ်ခုပဲ လေးလေးနက်နက်နားထောင်ပေးပါ….။ လေးနက်တဲ့ ကျွန်တော့်အချစ်ကို တစ်ဆိတ် တန်ဖိုးထားပေးပါ…..။ ရိုးသားတဲ့အချစ်တစ်ခုမို့လို့ပေါ………….။

——————————————————

တစ်ခုတော့ပြောချင်သေးတယ် မသီတာ………..
ရဲလေးရဲ့ ဟိုသီချင်းထဲကလိုပဲပေါ့ဗျာ….။ “ အချစ်တစ်ခုကိုတည်ဆောက် ရူးမိုက်ခဲ့ငါ့ရဲ့ချစ်ခြင်း ငါ့အတွက်တော့အပြစ်မကင်း မင်းစိတ်ထဲမှာရော ငါရှိနေလားပြော ”  ဒီစာသားလေးတွေက တွေးကြည့်ရင်  အရမ်းလေးလွန်းတယ်ဗျာ….။ ကျွန်တော်က ကျွန်တော်ယုံကြည်တဲ့အချစ်တစ်ခုကို ရူးမိုက်စွာ တည်ဆောက်ခဲ့ပေမယ့် မသီတာရယ်……. မသီတာရဲ့ စိတ်ထဲမှာရော ကျွန်တော်ဆိုတဲ့ အလေအလွှင့် ဖုန်တစ်ပွင့်က မသိမသာတောင် ကပ်ငြိခွင့် ရှိခဲ့ရဲ့လား……။ မေးခွန်းတိုင်းအတွက်အဖြေရှိရင် ဒီစကားတွေကပဲ အဖြေတွေဖြစ်ကြလိမ့်မယ်ထင်ပါရဲ့……..။ သွားတိုင်းသာပြန်လို့ရခဲ့ရင်တောင် ကျွန်တော်က ဒီနေရာကနေဘယ်ကိုမှမပြန်တော့ဘူး မသီတာရေ……….။ အဲ့လိုလဲ ကျွန်တော်က တစ်ခါတစ်ခါ ရူးသွပ်မိပြန်ရဲ့ကွယ်….။ စမ်းတ၀ါးဝါးနဲ့ အချစ်ဆိုတာကို တယုတယနဲ့ ရူးမိုက်စွာပြုစုရင်း နောက်ဆုံးသော အဆုံးသတ်ဟာ ဥပေက္ခာတွေ…… ပစ်ပယ်ခံရခြင်းတွေလား……. မသေချာသော မရေမရာစကားထာတွေပဲလား……. မသီတာ……။

ဟုတ်လိမ့်မယ် မသီတာ…….။ နားလည်ဖို့ကတော့ ခက်လိမ့်မယ်….။ ဒါပေမယ့် ဒီနေရာမှာပဲ မသီတာအတွက် ကျွန်တော့်ရဲ့ မှာတမ်းက အဆုံးသတ်တယ်….။ ဖြေရှင်းချက်တစ်စုံတစ်ရာက အလင်းမဲ့လျက်ပေါ့………….။

မိသားစု

ဒါဟာမိသားစုဖြစ်တယ်….။ မိသားစုတစ်ခုမှာ အဖေရှိတယ်….။ အမေရှိတယ်….။ သားသမီးတွေရှိတယ်….။ မိဘတွေရဲ့ အားအင် ခွန်အားတွေဟာ သားသမီးတွေဖြစ်သလို သားသမီးတို့ရဲ့ ခိုလှုံရာဟာလဲ မိဘများပဲဖြစ်တယ်….။ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်မှီခိုနေကြတယ်….။ သားသမီးမရှိသော မိဘများရဲ့ မိသားစုဟာ မစိုပြေသလို မိဘများမရှိတော့တဲ့ သားသမီးတို့ရဲ့ဘ၀ ဟာလဲ ဘယ်လိုမှ မလန်းဆန်း နိုင်ပါဘူး……။ ဒီလိုမပြည့်စုံမှုတွေရှိလာတဲ့အခါ မိသားစုဆိုတာရဲ့ အဓိပ္ပါယ်ဟာလဲ အရသာပေါ့သွားခဲ့တယ်….။ မသိမသာနဲ့ ဘ၀တွေဟာ ဆုတ်ယုတ်သွားတယ်…။ လူဆိုတာ ကိုယ့်လမ်းကိုယ်လျှောက်နေကြတဲ့အခါမှာ တစ်ဦးတစ်ယောက်သော ယုံကြည်ရသူထံမှာ မှီခိုရာတွေ ရှာယူကြတယ်….။ ဒီလိုမှီခိုရာတွေ ရှာဖွေကြရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်ဆိုတဲ့ ဖြူစင်သောကိုယ်ပိုင်အတ္တတွေဖြစ်ပေါ်လာကြတယ်….။  ဖြူစင်သော အတ္တတွေရဲ့နောက်မှာ တစ်ဦးတစ်ယောက်အပေါ် ပေးဆပ်လိုမှုတွေ တာဝန်ယူလိုမှုတွေ ပြင်းပြလာတဲ့အခါ သူတို့ဟာ အိမ်ထောင်ပြုခြင်းဆိုတဲ့ လူမှုကိစ္စကိုပြုလာကြတယ်….။ အဲ့သည့်နောက်မှာတော့ မိသားစုဘ၀ကို စတင်အသက်သွင်းဖို့ ကြိုးစားလာကြပြန်တယ်….။ အိမ်ထောင်စုရဲ့ အကြီးအမှုး အိမ်ရဲ့ဦးစီးသူ ဖခင်ဟာ မိသားစုဘ၀အတွက် အရင်ကထက်ပိုပြီး သူ့ရဲ့တာဝန်တွေကို ကြိုးစားထမ်းဆောင်လာတယ်….။ အိမ်ထောင်စုရဲ့ အရေးပါသောဘဏ္ဍာရေးမှုး အိမ်သူသက်ထား မိခင်ကလဲ အရင်ကထက် မိမိရဲ့ ကျန်းမာရေး ကိုဂရုစိုက်လာခဲ့တယ်….။ အရင်ကအလွန်ကြိုက်နှစ်သက်လှပါသည်ဆိုသော အချဉ်အစပ်များအားလျှော့စားလာခဲ့သည်…. ။ ဤသည်တို့မှာ အိမ်ထောင်စုရဲ့ အစပြုရာဖခင် မိခင်တို့ရဲ့ အရင်းတည်မှုများဖြစ်သည်…..။ ဒီလိုနဲ့ သိပ်မကြာခင်မှာ သူတို့ရဲ့ မိသားစုဘ၀လေးထဲသို့ မိသားစုဆိုသော ဆိုလိုချက်ကို ပြည့်စုံစေသည့် ကလေးငယ်တစ်ယောက် ၀င်လာခဲ့သည်…..။ ထိုကလေးငယ်ရောက်ရှိလာသည်နှင့်အမျှ မိသားစုဆိုသော ဝေါဟာရ၏အဓိပ္ပါယ်မှာ ပိုမိုပြည့်စုံလာခဲ့သည်….။ သို့သော် မိသားစု၏ စိုပြေခြင်းကိုပြည့်စုံစေရန်မှာ ဤမျှနှင့်မပြီးသေးပေ….။ မိသားစုတစ်ခုတွင် တစ်ဦးနှင့်တစ်ဦးသည် နားလည်မှုရှိရမည်…..။ တစ်ဦး၏ အားနည်ချက်ကို တစ်ဦးကမိမိရဲ့ အားသာချက်ဖြင့်ဖြည့်ဆည်းပေးရမယ်….။ တစ်ဦးဝမ်းနည်းနေချိန်တွင် တစ်ဦးကနှစ်သိမ့်ပေးရမည်….။ တစ်ဦး၏ အားနည်းချက်ကို တစ်ဦးကထုတ်ဖော်၍ အပြစ်တင်မှုမျိုးမှာမပြုသင့်ပေ….။ တစ်ဦးတစ်ယောက်ရဲ့ မပြည့်စုံသော ယိုပေါက်အား တစ်ဦးက မေတ္တာစိတ်ဖြင့်ဖာထေးပေးရမည်…..။ သို့ပါမှ မိသားစုဆိုသော ဝေါဟာရ၏ အဓိပ္ပါယ်မှာ ပြည့်စုံကုံလုံမည်ဖြစ်သည်…..။  သို့ပါ၍ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိကြစေပြီး ပျော်ရွှင်ပြည့်စုံသော မိသားစုဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ ဟု ဆုတောင်းလိုက်ပါသည်………..။

လေတံခွန်

စာကြွင်း  ။      ။   ပို့စ်မတင်တာ ကြာပြီဖြစ်လို့ ဒီနေ့မှ ပုံလေးတစ်ခုကနေ အိုင်ဒီယာ ရလို့ ရေးလိုက်တာပါ….။ ပုံလေးကတော့ ဒီက ယူထားတာပါ….။

14

၁၄ ဂဏန်း

သိပ်ကိုဆန်းတယ်…….

မမျှော်လင့်မိသော

ပိုင်ရှင်မဲ့ ချောကလက်တွေ

၂၈ ပွင့်မြောက် နှင်းဆီဝါရေ

ဒဏ္ဍာရီဆန်ဆန်

ငါ့ကမ္ဘာက အပြာရောင် သန်းခဲ့တယ်…..။

ဒီအချိန်ဆိုပွင့်တယ်….

ကျောင်းဝန်းထဲက စက္ကူပန်းတွေ

တစ်နှစ်ပြီးတစ်နှစ်ဖြတ်

ရက်သတ္တပါတ်ပေါင်းများစွာ

၁၄ရက်ပေါင်းများစွာ

နှင်းတွေကဖွေးဖွေးလေးပါပဲ……….

အတွေးတွေကလဲ ရေးရေးလေး………

ဒီတစ်ခေါက် ငါ့ရဲ့ ၁၄ က ပိုင်ရှင်မဲ့

ကျောင်းကသရက်ပင်

ကဗျာမဆန်ဘူး…………

ကျောင်းက စက္ကူပန်းတွေ

အနံ့အသက်မရှိဘူး……..

ဒါပေမယ့် မိနွေရေ

၁၄ခါမြောက် ငါ့လွမ်းချင်းက

ရိုးရှင်းလွန်းပါတယ်။

{လေတံခွန်}

အိမ်

အိမ်
စိတ်ကူးတွေမပိုင်
အိပ်မက်တွေမခိုင်ခင်
အနားတွေသပ်လို့ ခိုလှုံ
လိုရာတွေပေးတဲ့အချိန်
ငါတို့နေတဲ့အိမ်……..။

အိမ်
အနိုင်တွေပျောက်
အရှုံးတွေရောက်လို့
ဒူးထောက်ရတဲ့အခါ ကြီးမားသော
အားအင်စု ပေးတတ်တဲ့အချိန်
ငါတို့နေတဲ့အိမ်……။

အိမ်
လောကဓံရဲ့ဒါဏ်
သိပ်ပြီးတော့ပြင်းထန်လာတဲ့အခါ
အာရုံတွေ ထွေပြား
အမျိုးမျိုးမှားလာတဲ့အခါ
တည်ငြိမ်မှုတွေပေးတဲ့အချိန်
ငါတို့နေတဲ့အိမ်……။

အိမ်
တိုင်လေးတိုင်နဲ့ဆောက်တဲ့အိမ်
ဝါးထရံနဲ့ကာတဲ့အိမ်
ဓနိမိုးနဲ့ မိုးတဲ့အိမ်
ဝါးကြမ်းနဲ့ခင်းတဲ့အိမ်
ပြတင်းတစ်ပေါက်နဲ့အိမ်
တံခါးတစ်ခုနဲ့အိမ်
ဘယ်လိုပဲဖြစ်နေဖြစ်နေ
လုံခြုံမှုတွေပေးတဲ့အိမ်……….။

{လေတံခွန်}

အိမ်ဆိုတာကို ပြီးပြည့်စုံအောင် အဓိပ္ပါယ်ဖွင့်ဆိုပေးရန် ခက်ခဲလွန်းလှပါသည်….။ တစ်ဦးနှင့်တစ်ဦး အဓိပ္ပါယ် ဖွင့်ဆိုပုံချင်းလဲ တူကြမည်မဟုတ်ပေ…..။  ဒီကဗျာလေးက ကျွန်တော် Myanmar cyber forum မှာပြိုင်ပွဲလုပ်တုန်းက ၀င်ပြိုင်ဖို့ရေးထားတာပါ…..။ ဒါပေမယ့် ၀င်မပြိုင်ဖြစ်ခဲ့ပါဘူး………….။

ကို မဟူရာပြောတဲ့ MYMC

လေတံခွန်း  အကို MYMC ဆိုဒ်ကို စလုပ်ဖြစ်ပုံလေး တစ်ချက်လောက်ပြောပြပေးပါ

မဟူရား   ကျွန်တော် MYMC ကိုလုပ်ဖို့ sever  ၀ယ်တာက ၂၀၀၈ ဒီဇင်ဘာထဲကပါ…။ အဲ့ဒီတုန်းက ဒီတိုင်းပဲ စမ်းချင်တာနဲ့ လုပ်လိုက်တာ…။ ဒါပေမယ့် ဒီအတိုင်းပဲ ဘာမှမလုပ်ဖြစ်ဘူး ၂၀၀၉ ဖေဖော်ဝါရီ ရောက်မှ ကျွန်တော်နဲ့တစ်ကျောင်းထဲတက်နေတဲ့ psycho_killer နဲ့ချိတ်မိပြီး MYMC ကိုတကယ်စအကောင်အထည်ဖော်ဖြစ်တာပါ…..

လေတံခွန်း    အကိုက ဒီဆိုဒ်ကို စလုပ်တာ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့လုပ်ဖြစ်တာလဲဗျ

မဟူရား    စလုပ်ရတာက ကျွန်တော်တို့တွေ့ဖူးနေကျမြန်မာ ၀ဘ်ဆိုဒ်တွေမျိုးမဟုတ်ပဲနည်းနည်း ပုံစံအသစ်လေးနဲ့သွားချင်တယ်…..။ လူငယ်ဆန်ဆန်လေးပေါ့ သဘောကလူငယ်တွေအတွက်ဦးတည်ပီး ကျန်တာကိုအနောက်က ပံ့ပိုးမယ်ပေါ့…… စစချင်းကဦးတည်ချက်နှစ်ခုရှိပါတယ်….။ အခုမီဒီယာပိုင်းနဲ့ education ပေါ့ ကျွနိတော်တို့ လောလောဆယ် မီဒီယာအဆင့်မှာပဲရှိပါသးယ်…. education ဘကကိုတေ့ သေချာလုပ်ဖိ့တွ် ကြိုးစား တုန်းပါ…….

လေတံခွန်း  ဒီလို မီဒီယာပိုင်းတွေစလုပ်တော့ ဘယ်လိုအခက်အခဲတွေများကြုံခဲ့ရသေးလဲဗျ

မဟူရား   စစတက် တဲ့ဆိုဒ်တစ်ခုအနေနဲ့ကတော့ အခက်အခဲကပေါင်းစုံပါပဲ အဓိက ကတော့လုပ်မယ့်လူလိုတာပါ

လေတံခွန်း    နောက်ပိုင်း ဆိုဒ်ကို ဒီလိုလူစည်လာအောင် ဘယ်လိုများကြိုးပမ်းခဲ့ကြလဲမသိဘူးဗျ

မဟူရား    အဲ့ဒါကတော့ ကျွန်တော့အထင် ဆိုဒ်ရဲ့ ဒီဇိုင်းက စမယ်ထင်တယ်….။ psycho_killer ကဆိုဒ်ကို ဒီဇိုင်းနဲ့ပါတ်သတ်ပြီး foundation အရင်ချပေးလိုက်တာပါ  အဲ့သည့်နောက်မှာတော့ ကျွန်တော်တို့ တခြားဆိုဒ်တွေ ကိုကျွန်တော်တို့ အရင်လေ့လာကြည့်ပါတယ်….။ တွေ့တာက ဆိုဒ်တွေက ကျွန်တော်တို့ ယဉ်ကျေးမှုလွမ်းမိုးမှုတွေ အရမ်းရှိပါတယ်….။ သဘောက တစ်ခုခုဆို ကိုယ့်ယဉ်ကျေးမှု နဲ့ မသင့်တော်လို့ မြန်မာ လူမျိုးတွေရှုထောင့်က နေ မလိုက်ဖက်လို့ ဒါတွေကို ကျွန်တော်တို့က ပြောင်းပြန်လှန်လိုက်တဲ့သဘောပါ

လေတံခွန်း   စလုပ်တော့ ၂ယောက်ထဲပေါင်းလုပ်ကြတာပေါ့နော်…. နောက်ပိုင်းကျ ဘယ်လိုများ ဆိုဒ်ကို improve လုပ်သွားလဲမသိဘူးဗျ

မဟူရား     ဆိုဒ်ပိုင်းကတော့ ၂ယောက်ထဲပါ… ဒါပေမယ့် ခုနက ရေဒီယိုကိုစ run ဖို့အတွက် ကကျွန်တော် သိတဲ့ techanician တွေ အကူအညီနဲ့ပါ………… အဲ့သည့်ကစလိုက်တာ တဖြည်းဖြည်းလူတွေ ပိုသိလာတယ်ပေါ့နော်….. အဲ့သည့်နောက်မှာတော့ ကျွန်တော်တို့ရဲ့ ပထမဆုံး Interview(voice) ကို ကိုသိန်းလင်းစိုးနဲ့ စလုပ်ပြီး ဆိုဒ်မှာတင်ပြီးကထဲက လူပိုသိသွားကြပါတယ်…..။ အဲ့သည့်အတွက် တချို့ စိတ်ဝင်စားတဲ့သူတွေက လာဆက်သွယ်ကြပါတယ်…။ ဒီလိုနဲ့ တဖြည်းဖြည်း အခုအခြေအနေကို ရောက်တဲ့အထိ ပါပဲ….။

လေတံခွန်း    ဆိုဒ်ကအခုဆိုရင်တော်တော်တိုးတက်လာပြီပေါ့နော်…….. အဲ့သည့်အခါကျတော့ အကို့အနေနဲ့ ဆိုဒ်ကို ဘယ်လိုများကိုင်တွယ်လဲမသိဘူးဗျ……. ဆိုလိုတာက တာဝန်ယူမှုအပိုင်း စီမံခန့်ခွဲမှုအပိုင်းတွေပေါ့

မဟူရား    ကျွန်တော်တို့ ဆီမှာ မမ်ဘာက ဒီလောက်အများကြီးမရှိပါဘူး….။ ဆိုတော့ Group လည်းနည်းနေသေးတော့ management အပိုင်းက ဒီလောက်မလိုသေးပါဘူး……။ Radio အတွက်ကတော့ ကျွန်တော်တို့ Dj Head ၂ ယောက်ရှိပါတယ်….။ ကျန်တာကတော့ ကျွန်တော် Group အလိုက် assignment သဘောမျိုးပေးပြီး ကျွန်တော်အားကိုးလို့ရမယ့် လူတစ်ယောက် ကို အဲ့သည့်အတွက်တာဝန်ယူပြီးလုပ်ခိုင်းပါတယ်……။

လေတံခွန်း    အကို့ဆိုဒ်ရဲ့ဖွဲ့စည်းပုံလေးပြောပြပေးပါဦးဗျာ   ဆိုဒ်ထဲမှာ အက်ဒမင်ကဘယ်နှယောက် ဒီဇိုင်နာက ဘယ်နှယောက် ဒီဂျေ အင်တာဗျူး  စသဖြင့်ပေါ့

မဟူရား     လောလောဆယ်ကတော့ ဆိုဒ်ပိုင်း admin ကတော့ ကျွန်တော်တစ်ယောက်ထဲပါပဲ…..။ psycho_killer ကတော့ အနောက်ကနေ support လုပ်ပေးပါတယ်…။ admin တော့သူမလုပ်ပါဘူး…..။ Interview အသင်းအနေနဲ့ကတော့ ၁၂ ယောက်လောက်ရှိပါတယ်….။ ရန်ကုန်က မမ်ဘာတွေအပါအ၀င်ပေါ့…..။ Dj ကတော့လောလောဆယ် ၃၄ ယောက်ရှိပါတယ်…..။ တခြား special program စသဖြင့်မှာတော့ မမ်ဘာတွေရှိပါတယ်….။ သူတို့က part time တွေပါ….။ နောက် MYMC family ထဲမ၀င်ပဲ ကုညီနေကြတဲ့ သူငယ်ချင်းတွေလဲ ရှိပါတယ်…။

လေတံခွန်း     ဒီဂျေတွေရဲ့တာဝန်ကရော ဘယ်လိုယူကြရတာလဲဗျ

မဟူရား     Dj တစ်ယောက် တစ်ယောက် စီရဲ့ Shift ကမတူပါဘူး……။ တချို့ စီနီယာ Dj တွေက ၁၂နာရီ Shift တွေ ရှိပါတယ်…။ အသစ်တွေကတော့ ၃-၉ နာရီကြားမှာရှိပါတယ်…။ ဒါက အပါတ်စဉ်ပါ…။ Shift တစ်ခုကို ကျွန်တော်တို့ ၃နာရီ နဲ့သွားပါတယ်….။ အမြဲတမ်း ပုံမှန်တော့ လူအကုန်လုံးအားနေတယ်ရယ်လို့တော့ မဟုတ်ပါဘူး….။ ဒီလိုပဲ ပျက်တာရှိရင် ကျန်တဲ့ Dj တွေက ပျက်တဲ့ Dj တွေအစား cover ပေးကြပါတယ်….။

လေတံခွန်း     တကယ်လို့ တစ်စုံတစ်ယောက်က အကိုတို့ဆီမှာ ဒီဂျေဖြစ်ချင်တယ်ဆိုရင် ဘယ်လိုအရည်အချင်းတွေလိုမလဲဗျ

မဟူရား    အဲ့ဒါက ကျွန်တော်ကြည့်တဲ့ အဓိက fact က စိတ်ဝင်စားမှုပါပဲ…။ ကျွန်တော်တို့ ဒီဆိုဒ် ကိုလုပ်ထားတာ ပြည်သူ့အတွက်ပါ… ကိုယ်ကတကယ် သူများအတွက် လုပ်ပေးနိုင်မယ်လို့ ဆုံးဖြတ်ပီးမှ MYMC မှာ apply လုပ်ပါ….။ နောက်တစ်ခုက ကျွန်တော်တို့ Dj တွေ form တင်တဲ့အခါ သူတို့ ဘယ်လိုရေးတာလဲဆိုတာကြည့်ပါတယ်….။ တကယ့် serious ဖြစ်တဲ့လူတစ်ယောက်အနေနဲ့ဆိုရင် form မှာဖြည့်ထားတာက အစ သိသာပါတယ်….။ အဲ့လို လူမျိုးကို မှပဲ ကျွန်တော်တို့ final step  အနေနဲ့ကြိုက်မကြိုက်  Head Djတွေက Interview လုပ်ပါတယ်…။ form တွေကို သေချာမတင်ရင်တော့ ဘယ်နိုင်ငံကပဲ ဖြစ်နေဖြစ်နေ ကျွန်တော်တို့ reject လုပ်ပြစ်ပါတယ်…။

လေတံခွန်း    အခု အင်တာဗျူး Group နဲ့ပါတ်သတ်ပြီးပြောပြပေးပါဦးဗျာ

မဟူရား      Interview Group မှာလဲ အဓိကလှုပ်ရှားနေတာက ရန်ကုန်ကမမ်ဘာတွေပါ….။ သူတို့ကကိုယ်တိုင်လိုက်ပြီးဗျူးရ File တွေ edit လုပ်ရ စသဖြင့် သူတို့လုပ်ရတဲ့အပိုင်းများပါတယ်…. ဒီဘက်ကမေးခွန်းရေးပေးတဲ့ လူတွေကတော့ ကျွန်တော်တို့ ရန်ကုန်ကပြန်ပို့လိုက်တဲ့ file ကိုမြန်မာလို ပြန်ရေး လုပ်ပေးစရာရှိတာလုပ်ပေးပြီးရင် ဆိုဒ်ပေါ်မှာတင်ပါတယ်…။ နောက်ပြီးခုနကပြောခဲ့သလိုပဲ မေးခွန်းတွေစဉ်းစားပြီးရေးတဲ့နေရာရာမှာလဲ သုံးပါတယ်……

လေတံခွန်း    အပေါ်ကမေးခဲ့သလိုပဲ တစ်ယောက်ယောက်က အဲ့သည် Interview group ကို ၀င်ဖို့ စိတ်ဝင်စားတယ်ဆိုရင်ရော…………

မဟူရား     Dj ပိုင်းနဲ့တော်တော်များများတူပါတယ်…. အဓိက ကတော့ စိတ်ပါဝင်စားမှုပါပဲ….. ဒါကတော့ လုပ်ဖို့တကယ်စိတ်ဝင်စားလား မ၀င်စားဘူးလားဆိုတာ ပေါ့…. Interview ပိုင်းက Radio ပိုင်းလောက်တော့ အချိန်မပေးရပါဘူး…. ဒါပေမယ့်အလုပ်လုပ်တဲ့နေရာမှာတော့ သေချာလုပ်ဖို့လိုပါတယ်…. နောက်ဆုံးအနေနဲ့ကတော့ form တွေကို စိစစ်ပြီးတော့မှာ ကျွန်တော်ကိုယ်တိုင် Interview လုပ်ပါတယ်……။

လေတံခွန်း     အင်္ဂလိပ်သီချင်းတွေလွှင့်တဲ့အခါမူပိုင်ကိစ္စနဲ့ပါတ်သတ်ပြီးဘယ်လိုစီစဉ်ထားလဲမသိဘူးဗျ

မဟူရား      English သီချင်းတွေအတွက်ကတော့ ကျွန်တော်တို့အနေနဲ့ က Stream ပဲ Stream  တာပါ ကျွန်တော်တု့အနေနဲ့က download ဖို့ နောက်ပြီး ပို့တာမျိုးသိပ်မရှိတဲ့အတွက် ဘာမှတော့ပြဿနာတက်စရာမရှိလောက်ဘူးလို့ထင်ပါတယ်….. အထူးသဖြင့် ကျွန်တော်တို့ဆိုဒ်က US based  ဖြစ်တဲ့အတွက် ပိုဂရုစိုက်ရပါတယ်…… သူတို့ Claim တက်တာကတော့ သက်သက် FM တွေမှာ လူတွေနားထောင်လို့ရအောင် လွှင့်ပေးတာတစ်ခုပဲသက်သက်ဖြစ်တဲ့အတွက် ဖြန့်ဝေနေတာမဟုတ်တဲ့အတွက် ဒီဥပဒေနဲ့ တိုက်ရိုက် မပါတ်သတ်ဘူးလို့တော့ ပြောပါတယ်…..

လေတံခွန်း    ဒီဂျေတွေကို သီချင်းတောင်းလာတဲ့အခါ ဒီဂျေတွေမှာ တောင်းတဲ့သီချင်းကို မရှိတဲ့အခါ ရှာလို့မတွေ့တဲ့အခါမျိုးကျရင် ဘယ်လို များဖြေရှင်းပေးပါသလဲခင်ဗျာ

မဟူရား     အများဆုံးတောင်းတဲ့သီချင်းတွေကတော့ ကျွန်တော်တို့ Dj တွေမှာ တော်တော်များများရှိပါတယ်…။ အကယ်၍ မရှိဘူးဆိုရင်လဲ ကျွန်တော်တို့ listener ကို အခုDj ဆီမှာမရှိတဲ့အတွက် နောက်Dj တစ်ယောက်ဆီမှာတောင်းပါလို့  reply ပြန်ဖြစ်တာများပါတယ်…… သီချင်းတောင်းတာနဲ့ပါတ်သတ်ပြီး တချို့ listener တွေက တော့ရေဒီယိုမှာ ဘာလာနေတာ ဘာဖွင့်နောမှန်းသိရက်နဲ့ သက်သက် ခနောက်ပြီး လုံးဝမဆိုင်တဲ့သီချင်းမျိုးတွေတောင်းတာမျိုးတွေ ရှိပါတယ်….။ ဒီလိုမျိုးဆိုရင်တော့ ကျွန်တော်တို့ အဲ့သည့် request ကို accept မလုပ်ပေးပါဘူး…..။ ကျွန်တော်တို့ ရေဒီယို ကလူငယ်ရေဒီယိုဖြစ်တဲ့အတွက် လူငယ်ပိုင်းနဲ့ ဆိုင်တဲ့သီချင်းတွေပဲ ဖွင့်တာများပါတယ်… ကျွန်တော်တို့ တခြားရေဒီယိုကို ညွှန်းပါတယ်… ကျွန်တော်တို့ audience ကလူငယ်ပိုင်းအရမ်းများတဲ့အတွက် လူအများကို ဦးစားပေးတဲ့သဘောပါ သီချင်းတစ်ပုဒ် က လူတစ်ယောက်ကို ကြည်နူးစေပေမယ့် လူ အရောက် ၃၀ ကို ရေဒီယိုကိုပိတ်ချင်စိတ်ပေါက် သွားစေမယ်ဆိုရင် ကျွန်တော်တို့လူအယောက် ၃၀ ကိုပဲ ကြည့်ပါတယ်…..

လေတံခွန်း   အကိုတို့ဆိုဒ်ကနေ သီချင်းတောင်းဆိုမယ်ဆိုရင်လိုအပ်မယ့်ပုံစံလေးလဲပြောပေးပါဦး

မဟူရား    သီချင်းတောင်းချင်တယ်ဆိုရင်တော့ ပထမဆုံး သီချင်းနာမည် အဆိုတော်နာမည်ပြောပေးပါ အကယ်၍ တောင်းတဲ့သူက ဘယ် album ထဲကပါ ဆိုတာကိုပါသိရင် တော့အဆင်ပြေပါတယ်… အင်္ဂလိပ်သီချင်းတွေအတွက်က မလိုပေမယ့်  မြန်မာသီချင်းတွေကျတော့ တခါတလေ ကျွန်တော်တို့ လဲမမှတ်မိဘူး အတောင်းများတဲ့သီချင်းတွေကလွဲလို့ပေါ့…….။

လေတံခွန်း    ရေရှည်အတွက် ဆိုဒ်မှာရော ဘယ်လိုအစီအစဉ်တွေရှိလဲမသိဘူးဗျ

မဟူရား    ကျွန်တော်တို့အခု plan လုပ်ထားတာတွေ ရှိပါတယ်….။ နောက်ပြီးဆိုဒ်ကို ကျွန်တော်တို့ ဒီ့ထက်ပိုပြီး ချဲ့သွားပြီး ပိုကြီးတဲ့ ကွန်ယက်တစ်ခုဖြစ်အောင် ကြိုးစားနေပါတယ်…. ကွန်ယက်သဘောကတော့ ကျွန်တော်တို့ MYMC မဟုတ်ပဲ လက်တွဲမယ့် partner ဆိုဒ်တွေပါ ပေါင်ပြီး ကွန်ယက်တစ်ခုအနေနဲက ဒီ community တစ်ခုထဲမှာပဲလိုချင်တာ အကုန်ရနိုင်အောင် လုပ်မလို့ပါ…. ကျွန်တော်တို့ တိုင်ပင်တုန်းပဲရှိပါသေးတယ်….။ MYMC အနေနဲ့ကတော့ အစီအစဉ်အသစ်တွေကိုစောင့်ကြည့်နေပါလို့ ကျွန်တော်တို့ ဒီထက်ပိလန်းတဲ့ idea တွေချပြသွားဦးမှာပါ….

လေတံခွန်း    အကိုတို့ ရေဒီယို ဆိုဒ်ကိုအစဉ်သဖြင့်အားပေးနေတဲ့ ပရိသတ်ကိုအကို့အနေနဲ့ ဘာများပြောချင်သေးလဲမသိဘူးဗျ

မဟူရား     ကျွန်တော်တို့ ဘာပဲဖြစ်ဖြစ် ဒီအခြေအနေထိရောက်လာအောင် ပံ့ပိုးပေးခဲ့တာလဲ MYMC Fan တွေအများကြီးပါပါတယ်…. တစ်နှစ်ဆိုတာကလေးအတွင်းမှာ MYMC ကို အခုလိုမျိုး ထိပ်နေရာတစ်ခုအထိ တွန်းပို့ပေးခဲ့လို့ ကျွန်တော်တို့ MYMC family တစ်ခုလုံးကလဲ တကယ်ကျေးဇူးတင်ပါတယ်… MYMC ကလဲ Fan တွေအတွက် တကယ်အပေါ်ယံမဟုတ်ပဲ အလေးအနက် နဲ့ အကျိုးရှိပြီး အားလုံးပျော်ရွှင်ရမယ့် Program တွေလဲလုပ်နေကြပါတယ်….။ နောက်ဆုံးပြောချင်တာကတော့ MYMC ကိုစောင်ကြည့်နေပေးပါလို့…………….

လေတံခွန်း     တကယ်လို့ဆိုက်ဒ်နဲ့ပါတ်သတ်ပြီးတစ်စုံတစ်ရာ မေးမြန်ချင်လို့အကို့ကိုဆက်သွယ်မယ်ဆိုရင်ရော လိပ်စာလေးတစ်ချက်လောက်

မဟူရား     mahuyar@mymclub.net ကိုဆက်သွယ်လို့ရပါတယ်……..။

လေတံခွန်း     အခုလို ကျွန်တော်မေးသမျှကို မအားတဲ့ကြားက  စိတ်ရှည်လက်ရှည်ဖြေကြားပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ…

မဟူရား    ကျွန်တော်ကလဲ ကျေးဇူးတင်ပါတယ်………။

Interviewed by လေတံခွန်

လွဲခဲ့သမျှ ပေါက်ကရ

ဘာလိုလိုနဲ့ ကျောင်းမှာ မောင်မယ်သစ်လွင်ကြိုဆိုပွဲ(Fresher Welcome) လုပ်တော့မယ့်အချိန်တောင်နီးလာပြီ…။ ဒီလိုအချိန်ရောက်တိုင်း ကျွန်တော်မကွေးကို စရောက်တုန်းကအကြောင်းတွေတောင်သတိရမိတယ်…။ စရောက်တုန်းကတော့ ဘာရယ်မဟုတ်ဘူး..။ ရေမြေအသစ်ဆိုတော့ လွဲလိုက်သမှ ဘာမှန်းတောင်မသိဘူး…။ ခုတော့လဲ ၃နှစ်ဆိုတဲ့ကာလကိုရောက်လာတော့လဲ အရင်ကကြုံခဲ့တဲ့အခက်အခဲတွေက ဘာမှမဟုတ်တော့သလိုပဲ….။စရောက်တုန်းကဆို မကွေးကရေကို ပါးစပ်ထဲထည့်လို့ကိုမရဘူး…။ မကွေးက မုန့်ဟင်းခါးဆို ဘယ်လိုမုန်းလို့မုန်းမှန်းမသိဘူး….။ ပဲတွေကိုအစေ့လိုက်ထည့်ပြီး…. ကုလားဟင်းကျနေတာပဲ….။ စားလို့လုံးဝမကောင်းဘူး…။ ထမင်းကြော်ဆိုရင်လဲ ဆီကသိပ်မပါဘူး…။ ခြောက်သွေ့လို့……။ ခုများတော့လဲ မကွေးကရေကို သောက်ရတာပဲ ပိုအရဿာရှိလာသလိုလို….. ကုလားဟင်းနဲ့တူတဲ့ မုန့်ဟင်းခါးပဲ စားချင်လာသလိုလို ခြောက်ကပ်နေတဲ့ ထမင်းကြော်တွေပဲ နေ့တိုင်းစားနေရသလိုဖြစ်လာပြီ….။ အဲပြောရင်းနဲ့ အဓိကပြောချင်တဲ့အကြောင်းမရောက်တော့ပဲနေဦးမယ်…။ အဓိကပြောချင်တာလေး ဆက်လိုက်ဦးမယ်…။ အဓိကပြောချင်တာလေးက မောင်မယ်သစ်လွင်ကြိုဆိုပွဲ(Fresher Welcome) အကြောင်းပါ…..။ အဲ့တုန်းက ကျွန်တော့်ဘ၀ကြီးပြောင်းလဲသွားခဲ့ရပုံများ မပြောလိုက်ချင်ပါဘူး….။ ဟီးဟီး… ဒါပေမယ့်ပြောဦးမယ်…..။

အဲ့သည်နေ့က ဘယ်နှရက်နေ့မှန်းတော့မသိဘူး…..။ ကျွန်တော်မကွေးမှာ ပထမဆုံးကျောင်းတက်တဲ့နှစ်ပေါ့….။ ကျွန်တော်ကလဲ မကွေးကိုရောက်စ ကျောင်းကလဲခုမှဖွင့်ကာစ ဆိုတော့ ကျောင်းအကြောင်းဘာမှမသိဘူး……။ တစ်ခါကလွဲလိုက်ပုံများ…. ခြေထောက်ကိုတိုသွားတာပဲ…..။ လမ်းလျှောက်လိုက်ရလို့လေ….။ ဖြစ်ပုံကဒီလိုဗျ…။ ကျွန်တော်တို့ ကျောင်းသွားရင် RTC ကားကြီးတွေစီးသွားရတယ်….။ ကျောင်းပြန်ရင်လဲအဲ့လိုပဲ…။ RTC စီးပြီးပြန်ရတယ်…။ RTC  ကြီးတွေကတော်တော်တောင်အိုနေပြီ….။ ကျွန်တော်တို့ ကျောင်းကိုသွားပေးတဲ့ကားက ၂မျိုးရှိတယ်….။ Express တွေရယ် RTC တွေရယ်….။ RTC က ကျောင်းသားတွေစီးဖို့ Express တွေက ဆရာမတွေစီးဖို့…။ အဲ့ဒါကို မသိတော့ ပထမဆုံးကျောင်းသွားအပ်တဲ့နေ့က Express ပေါ်အတင်းလိုက်တက်လို့ သူငယ်ချင်းကမနည်းတားယူလိုက်ရတယ်….။ နောက်ကျောင်းရောက်တော့လဲ ဆက်လွဲတာပဲ….။ ကျောင်းအပ်တော့ အသားကုန်လူတွေတိုးရတယ်…..။ ဒါပြီးတော့မတိုးရတော့ဘူးလားမှတ်တယ်….။ ကန်တင်းရောက်တော့ ဆက်တိုးရပြန်တာပါပဲဗျာ….။ စရောက်ရောက်ချင်းဆိုတော့ ကျောင်းကကန်တင်းတွေအကြောင်းမသိဘူးဗျ….။ ရုပ်ရှင်တွေ ၀တ္ထုတိုတွေထဲကလို စာပွဲထိုးကလာမေးမယ်ထင်နေတာ…။ ဒါပေမယ့်ဗျာ အထင်နဲ့အမြင်တက်တက်စင်အောင် လွဲခဲ့ပါတယ်ဗျာ…။ ကိုယ်စားမယ့်ထမင်းကိုယ့်ဘာသာ သွားယူ ပြီးရင်ကိုယ့်ဘာသာပိုက်ဆံသွားရှင်း…..။ System ကတော့ သောက်ရမ်းမြင့်တယ်….။ ဒါကို မသိလေတော့ ကျွန်တော်က ကန်တင်းက စားပွဲတစ်လုံးမှာ ရုပ်တည်ကြီးနဲ့ ငုတ်တုတ်ထိုင်နေတာပေါ့….။ နောက်တော့မှ ဘယ်စားပွဲထိုးမှလဲ မတွေ့ ဘယ်သူ့မှလဲမလာတော့မှ သူများမေးကြည့်တော့ ကိုယ့်ဘာသာသွားယူရတာတဲ့ဗျာ……။

နောက်ထပ်လွဲတာက စာအုပ်ထုတ်တဲ့နေရာ…..။ စာအုပ်ဝယ်တုန်းက ဆရာမတွေကပြောလိုက်တယ်…။ ပထမနှစ်က ဌာနတွေမှာသွားထုတ်ပါတဲ့….။ ပထမနှစ်ကဘယ်နားမှာလဲ ဆိုတော့ ဟိုဘက်မှာတဲ့…..။ လက်ညိုးထိုးပြလိုက်တယ်…..။ သူပြောတဲ့ဘက်ကို ကျွန်တော်လဲသွားတာပေါ့…..။ အဲ့တုန်းက အခုလိုကျောင်းမှာ ကော်ရစ်တာတွေလဲ မဆောက်ရသေးဘူး…..။ ကျောင်းဆိုတာ လုံးဝလွင်ပြင်ကြီးထဲမှာရှိတဲ့ အဆောက်အဦးကြီးတွေပဲ…..။ လွင်ပြင်ကြီးထဲမှာ ကျောင်းဆောင်ကြီး ၂ခုကလွဲလို့ တခြားအဆောက်အဦးဆို တာတချို့ပြောသလို တပြလို့ဆိုမလား…..။ အဲ့နားမှာမှ အဆောက်အဦးသေးသေးလေး တွေရှိတယ်….။ ပထမက ကျွန်တော်ထင်တာ အဲ့သည့်အဆောက်အဦးလေးတွေက ၀န်ထမ်းအိမ်ယာလိုဟာမျိုးထင်တာ…..။ နောက်ကျတော့မှ သိရတာက အဲ့သည့်အဆောင်ပုပုလေးတွေက ကျွန်တော်တို့ရဲ့ ပထမနှစ်စာသင်ဆောင်ဖြစ်နေတယ်….။ ပြောရင်းနဲ့ အဓိကပြောချင်တဲ့အကြောင်းအရာတွေလွဲကုန်ပြန်ပြီ…..။ လွဲနေပေမယ့် ဆက်ပြောဦးမယ်…..။ ပြောရတာအရှိန်ရလာပြီ….။

ပထမဆုံးကျောင်းသွားအပ်တဲ့နေ့…..။ ပြန်ရတဲ့အချိန်က စောနေတယ်….။ ဖယ်ရီဂိတ်ကိုကြည့်လိုက်တော့ ကားတစ်စီးထိုးထားတယ်….။ လူကလဲ သိပ်မများဘူး…။  ဒါနဲ့ပဲမတိုးရတော့ဘူး ဆိုပြီး ပြေးတက်သွားလိုက်မိတယ်….။ ကားပေါ်ရောက်တော့လဲ မမလှလှတွေပါတော့ ထိုင်ကြည့်နေတာပေါ့…။ ဘယ်ရမလဲ…။ မမလှလှ တွေကတော့ သူတို့ဘာသာ ငြင်းလို့ခုန်လို့…။ ဘာတွေပြောမှန်းမသိပါဘူးဗျာ….။ ဆရာမအကြောင်းတွေရော သူတို့အကြောင်းတွေရော…..။ နောက်ပြီး ဆပ်ပလီဖြေပြီး စူပါဆပ်ပလီဆွဲလို့ ဆိုပြီးပြောနေကြတာ….။ စုံလို့ပါပဲ….။ ကျောင်းစတက်ထဲက ဆပ်ပလီဆိုတဲ့ စကားနဲ့ ရင်းနှီးခဲ့တဲ့ ကျွန်တော် ပထမနှစ်ကို အင်္ဂလိပ်ဆိုတဲ့ သူငယ်တန်းထဲက သင်ခဲ့ရသောဘာသာ ကို ဆပ်ပလီထိခဲ့ပါသည်….။ အဲတခြားနေရာရောက်သွားပြန်ပြီ….။ RTC ပေါ်ပြန်တက်မယ်….။ ကားပေါ်ရောက်ရောက်ချင်းထင်တာက ဒီတစ်ခေါက်တော့မလွဲတော့ဘူး….။ မှန်သွားပြီပေါ့…..။ ဒါပေမယ့် ကားကမြို့ထဲလဲ ၀င်ရော စလွဲတော့တာပါပဲဗျာ…..။ ကျောင်းကစီစဉ်ပေးထားတာက ကားတွေကို လမ်းကြောင်း၅ခုလုပ်ပေးထားတယ်….။  ကျွန်တော်နေတာက လမ်းကြောင်း၎ မှာ….။ ခု စီးသွားမိတဲ့ကားက လမ်းကြောင်း၃ ကား…..။ ကိုယ်ဆင်းရမယ့်နေရာ ဘယ်နားမှန်းမသိတော့ဘူး….။ တခါထဲ ရူးချင်သွားတယ်….။ အဲ့မှာတစ်ခုကံကောင်းသွားတာက ကျွန်တော်နဲ့ အဆောင်ချင်းနီးတဲ့အကိုတစ်ယောက် ကားပေါ်မှာပါလာတာပဲ…..။ အဲ့ဒါနဲ့ပဲ နည်းနည်းစိတ်သက်သာရာရသွားတယ်…..။ သူကားပေါ်ကဆင်းတော့လိုက်ဆင်းတယ်….။ အောက်ရောက်တော့ သူ့ကိုသွားမေးရတယ်…..။ သွားမေးတော့ သူက အဆောင်မပြန်သေးဘူးတဲ့ မဒီလေးနဲ့ လန်းလိုက်ဦးမယ်တဲ့….။ ဒီလမ်းအတိုင်းသွားရင် လမ်းကြောင်း ၄ ပေါ်ကိုရောက်သွားလိမ့်မယ်…..။ အဲ့ကျမှ ကိုယ့်အဆောင်ကိုယ်ရှာပြန်ဆိုပြီး လမ်းညွှန်လိုက်လေတော့ ကျွန်တော် မျိုးကြီး အဆောင်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးပြန်ရောက်သွားခဲ့ပါတယ်……။ ဒါပေမယ့် ခြေကိုတိုရော…..။ လမ်းလျှောက်လိုက်ရတာအဝေးကြီးပဲ…….။

အဲ့သည့်နေ့က နည်းနည်းအေးနေသလိုပဲ…..။ ဒီတော့ ကျွန်တော်ကလဲ အထဲကအင်္ကျီ လက်ရှည်ပေါ်ကို အပေါ်က ကုတ်အင်္ကျီ တစ်ထည်ထပ်ဝတ်သွားတယ်…။ အောက်ကဘောင်းဘီက ရပ်ပါဘောင်းဘီ(အလွယ်ခေါ်ခြင်း) ဆံပင်က တောပုန်းလို အရှည်ကြီးနဲ့….။ ကိုယ့်ကိုယ်ကိုတော့ မှန်ထဲကြည့်လိုက်တော့ ကိုရီးယားမင်းသားလိုလို ဘာလိုလို နဲ့…..(ဟီးဟီး ကိုယ့်ဘာသာထင်တာပြောပါတယ်..)။ အဲ့သည့်နေ့က ကျောင်းရောက်တဲ့အထိ ရှော့ခ်မရှိခဲ့ပါဘူး….။ ဒါပေမယ့် နေ့လည် ၁၂နာရီထိုးခါနီးတော့ စပြီးကွိုင်တော့တာပဲ…..။ ကျွန်တော်တို့ ပဲခူးတိုင်း စီနီယာတွေက လာခေါ်တယ်…။ Meeting လုပ်ဖို့တဲ့….။ အဲ့မှာစတွေ့တာပဲ…..။(ဓါတ်တိုင်နဲ့ မခိုင်နဲ့) တကယ်တွေ့တာကတော့ ကျွန်တော့်ရဲ့  ကိုရီးယားမင်းသားစတိုင်(ကိုယ့်ဘာသာ နာမည်တပ်ခြင်း) နဲ့ ကျွန်တော်တို့ Bago Family ကလူတွေနဲ့လေ….။ အဲ့မှာ Fresher welcome မှာစင်ပေါ်တင်ဖို့ ဆိုပြီး လူရွေးတယ်…။ နာမည်တွေတစ်ယောက်ပြီးတစ်ယောက်ခေါ်ပြီး meeting  လုပ်တဲ့အခန်းထဲကစင်ပေါ်တက်ခိုင်းတယ်….။ အားလုံက ခုမှဒီကျောင်းရောက်ပြီး ကိုယ်မသိတဲ့လူတွေရှေ့မှာ စင်ပေါ်တက်ဖို့ဆိုတော့ နည်းနည်းရှိန်နေကြတာပေါ….။ ကျွန်တော်လဲ တော်တော်လန့်နေတာ….။ စင်ပေါ်ရောက်မှ ဒူးတုန်နေရင် ဂွပဲဆိုပြီးတွေးပူနေတာလေ….။ ကျွန်တော့်နာမည်ခေါ်သံလဲ ကြားရော ကျွန်တော်နေရာကမထသေးဘူး….။ ငြိမ်နေသေးတယ်….။ ထိုင်နေတာကနောက်ဆုံးဆိုတော့ ဟိုးအရှေ့မှာထိုင်နေတဲ့ လူတွေကလဲ ဘယ်သူများလဲဆိုပြီး ၀ိုင်းပြီးလှည့်ကြည့်ကြတယ်….။ အဲ့ကျမှ ကျွန်တော်ကလဲ ဆရာကြီးစတိုင်နဲ့မတ်တပ်ရပ်ပြီး ထွက်လာလိုက်တယ်…။ ကျွန်တော်ထွက်လာလိုက်တယ်ဆိုရင်ပဲ Bago Family ပရိသတ်တွေရဲ့ သြဘာပေးသံနဲ့ လက်ခုပ်သံတွေက ဆူညံသွားခဲ့တယ်….။ ကျွန်တော်လဲ  ကြားကြားချင်း ရင်တော်တော်ခုန်သွားတယ်…။ လန့်လဲ လန့်သွားတယ်…။ ချက်ချင်းနေရာမှာသွားပြန်ထိုင်ချင်စိတ်ပေါက်သွားတယ်…။ ဒါပေမယ့် အဲ့လိုမလုပ်ဖြစ်ခဲ့ပါဘူး….။ ရုပ်ကိုအတက်နိုင်ဆုံးတည်ပြီး စင်ပေါ်တက်သွားလိုက်တယ်….။ပြီးကာမှ နေရာမှာလာပြန်ထိုင်တာပေါ့….။ နေရာရောက်တော့ ဘေးမှာထိုင်နေတဲ့ကောင်က ဘာပြောလဲဆိုတော့ မင်းတော့ King ဖြစ်ပြီထင်တယ်…. ဟုလာပြောတော့ နဂိုထဲက ကိုယ့်ကိုယ်ကို ကိုရီးယားမင်းသားစတိုင်ဖမ်းလာတာဆိုတော့ ဘ၀င်တွေလေဟပ်ကုန်တာပေါ့…..။ နောက်ကျတော့ Title တွေလဲ ကြေညာရော ကျွန်တော်ကဘာဖြစ်သွားတယ်ထင်သလဲ….။ တကယ်ကလဲ အဲ့Title ပဲရသင့်တာပါ….။ ရုပ်ကိုကအဲ့လိုရုပ်ပေါက်နေတာလေ…။ ဘာTitle လဲဆိုတော့ Mr.Joker တဲ့ဗျာ…..။ ကျွန်တော့်မှာ အဲ့ထဲက Joker ဆိုတဲ့ဘ၀ကိုခံယူလိုက်ရတာခုထိပါပဲဗျာ…………။

 

© 2009-2010 လေတံခွန် All Rights Reserved -- Copyright notice by Blog Copyright